မော်လမြိုင် ဩဂုတ် ၈
ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့အထိမ်းအမှတ်) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ တာဝန်ရှိသူများ တက်ရောက်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စုပေါင်းသွေးလှူဒါန်းပေးကြသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းဝင်များအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို အားဆေးများ၊ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့်ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ခဲ့ပြီး ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့အထိမ်းအမှတ်) မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ စုပေါင်းသွေးလှူဒါန်းပေးခြင်းအပေါ် ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ခဲ့ကာ စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို ရင်းရင်းနှီးနှီးလိုက်လံအားပေးစကားပြောကြားခဲ့သည်။
ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့အထိမ်းအမှတ်) မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ စုပေါင်းသွေးလှူဒါန်းခြင်းကို မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် မော်လမြိုင်မြို့၊ အမှတ်(၅)တပ်မတော်စစ်ဆေးရုံ၊ ကုတင်(၃၀၀)တို့တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အသင်းဝင်(၅၀)ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)