မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဩဂုတ် ၈

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယနေ့စကားဝိုင်းသည် နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရန်၊ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်၊ ခေါင်းဆောင်မှုအရည်အသွေး တိုးတက်မြှင့်မားလာစေရန်၊ လူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုတိုးပွားလာစေရန်နှင့် လူငယ်များ ဉာဏစွမ်းရည်မြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကောင်းမွန်သည့် ပတ်ဝန်းကျင်တွင် လှုပ်ရှားဆောင်ရွက်တတ်စေပြီး ဘက်စုံထူးချွန်ထက်မြက်ကာ အတတ်ပညာရှင်၊ အသိပညာရှင်များအဖြစ် ပေါ်ထွက်လာစေရေးအတွက် ဗလငါးတန်နှင့်ပြည်စုံပြီး မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးအတွက် အားလုံးမျက်ခြေမပြတ်ပြုစုပျိုးထောင်ပေးရန် လိုအပ်မှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မော်လမြိုင်တက္ကသိုလ် အဏ္ဍဝါသိပ္ပံဌာနမှ ကထိကဒေါက်တာ ခင်ခင်ကြီးမှ Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး ပါဝင်ဆွေး‌‌နွေးပြောကြသူများဖြစ်ကြသော မော်လမြိုင်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ကထိက ဒေါက်တာသဇင်နွယ်ဦး၊ မော်လမြိုင်တက္ကသိုလ်မြန်မာစာဌာနမှ သရုပ်ပြ ဦးသူရိန်ဝင်း၊ မော်လမြိုင်တက္ကသိုလ် ဒုတိယနှစ်ဂုဏ်ထူးတန်းမှ မကောင်းခြိမ့်ခြိမ့်သဲတို့က “ လူငယ်၊ ပညာနှင့် ဖွံ့ဖြိုးမှုပန်းတိုင် “ခေါင်စဥ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား၍ မွန်ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်တက္ကသိုလ်အဏ္ဍဝါသိပ္ပံဌာနမှ ကထိကနှင့် ပါဝင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)