မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း Myanmar Car & Motorcycle Business Co.,Ltd ၏ SKD မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်နေမှုနှင့် ပြည်မြန်မာကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းလည်ပတ်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် ဩဂုတ် ၇

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေးအတွက် အသေစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်၊ ပြည်သူများ စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ Myanmar Car & Motorcycle Business Co.,Ltd ၏ ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်မှုဖြင့် နှစ်ဘီးသုံးဘီး မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်း အလုပ်ရုံသို့ ရောက်ရှိရာ ဦးစွာ Myanmar Car & Motorcycle Business Co.,Ltdမှ တာဝန်ရှိသူက စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သော စီးပွားရေးအခြေအနေကောင်းများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူများစီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ MSME စီးပွားရေးလုပ်ငန်းအပါအဝင် အခြေခံလိုအပ်ချက်ဖြစ်သည့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ဖြစ်ကြောင်း၊ မိမိတို့ ထုတ်ကုန်ပစ္စည်းများကို စံချိန်မီအရည်အသွေးထုတ်လုပ်ခြင်း၊ ဈေးနှုန်းမှန်ကန်မျှတစွာ ရောင်ချခြင်းတို့အပါအဝင် ဈေးကွက်စီးပွားရေး ပီပြင်စွာဖြစ်ပေါ်လာစေရေး တာဝန်ရှိသူအားလုံးက စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်ပမှရောက်ရှိလာသော မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများနှင့် မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် EV မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည့် အဆောက်အဦးဆောက်လုပ်ပြီးစီးမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်‌ဆေးရာ စက်ရုံအတွင်း လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု   အခြေအနေများကို စက်ရုံတာဝန်ခံက ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သွေးသောက်ရပ်ကွက်ရှိ ပြည်မြန်မာကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ရောက်ရှိရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သည့် ကိတ်မုန့်နှင့် မုန့်မျိုးစုံထုတ်လုပ်ပုံအဆင့်ဆင့်အား တာဝန်ရှိသူတစ်ဦးမှ လိုက်လံရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က စားသုံးကုန်များထုတ်လုပ်ရာတွင် အဆင့်မီစက်ပစ္စည်းများ အသုံးပြုနိုင်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဓာတုဆိုးဆေးများ အသုံးမပြုရေး၊ ထုပ်ပိုးမှုစနစ်တကျရှိစေရေးနှင့် ပြည်သူများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားရန်မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)