သထုံမြို့၊ သမိုင်းဝင်ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေး နှိုးဆော်မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနား ကျင်းပ

သထုံ ဩဂုတ်

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သ‌ရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးရှိ ရှေးဟောင်းသမိုင်းဝင် ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေးနှိုးဆော်အသိပေး မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ဩဂုတ် ၅ ရက်နေ့ နံနက်က အဆိုပါကန်တော်မင်္ဂလာရှေ့၊ ရွှေစာရံဘုရားလမ်းပေါ်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာကန်တော်မင်္ဂလာပြုပြင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဓာတ်တော်ဆေးကန်တော်ကြီး သမိုင်းအကျဉ်းနှင့် မြို့၏အထင်ကရအမွေအနှစ်ကို ဝိုင်းဝန်းထိန်းသိမ်းကြရေးအမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်က လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူတို့က "ကပ်ကျော်ဘေးရန်ကင်းစင်ဖို့ ဓာတ်တော်ဆေးကန်ပြုပြင်စို့" စာတန်းပါ နှိုးဆော်မြေစိုက်ပိုစတာအား ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖြန်းပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ရွှေစာရံစေတီတော်မြတ်ကြီး၏ သမိုင်းမှတ်တမ်းအရ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော် ဗုဒ္ဓဘုရားရှင်သုဝဏ္ဏဘူမိ၊ သထုံပြည်သို့ ကြွလာစဉ်ရွှေစာရံစေတီ (မူလအမည်- စိရံ ဌာတုစေတီ)အား တည်ထားရန် သွားတော်ဓာတ်လေးဆူကို ပေးသနားခဲ့ရာ ဆေးကြောသန့်စင်ရန် ဤမင်္ဂလာကန်တော်ကြီးကို တူးဖေါ်ခဲ့ကြောင်း ယခုအခါကန်တော်ကြီးမှာ ပျက်စီးယိုယွင်းနေရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် မြို့မိမြို့ဖများ အလှူရှင်များစုပေါင်း၍ ကန်တော်မင်္ဂလာကြီး သာယာလှပရေးအဆင့်မြှင့်တင်ပြုပြင်ကြမည်ဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၇၀၀၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)