စစ်တွေ ဩဂုတ် ၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ်ထောက်ပံ့ငွေနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယနေ့အခမ်းအနားသည် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူ (၁၂၇၁၆) ဦးအား တတိယအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လ(၃)လ စာအတွက် ထောက်ပံ့သည့် ငွေကျပ်(၇၆၂ ဒသမ ၉၆) သန်းကို ပေးအပ်ခြင်းအခမ်းအနားဖြစ်ကြောင်း၊ ရခိုင်ပြည်အစိုးရအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ယနေ့အထိစစ်တွေမြို့နယ်ရှိ နေရပ်စွန့်ခွာ ပြည်သူများအတွက် (၂၄)ပြည်ပါ ဆန်အိတ် (၈၃၆၉) အိတ်နှင့် (၁၉) ပြည်ပါ ဆန်အိတ် (၁၁၆၂) အိတ်၊ ကျောက်ဖြူမြို့နယ် နေရပ်စွန့်ခွာပြည်သူများအတွက် (၂၄)ပြည်ပါ ဆန်အိတ် (၆၀၀၀) အိတ် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစုရပ်(၅၄) ခုမှ ကျောင်းသား၊ ကျောင်းသူများ မိုးရာသီတွင် အသုံးပြုရန်အတွက် အခြေခံပညာအဆင့်နှင့် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅၇၆) ဦးတို့အား တစ်ဦးလျှင်ထီး(၁)လက်နှုန်းဖြင့် ငွေကျပ်တစ်ရာရှယ်ဆယ်သိန်း လေးသောင်းခုနစ် ထောင်ဖိုး ဝယ်ယူထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စုရပ်(၅၄) ခုတွင် ရောက်ရှိနေသော မိဘပြည်သူများ လုံခြုံစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် လူနေဆောင်(၂၀) ဆောင်၊ စားချက်ဆောင်(၂၈) ဆောင်၊ အိမ်သာ(၂၇)လုံး၊ လုံခြုံရေးမီး (၁၃၅)လုံး၊ ရေတွန်းလှည်း(၄၂)စီးတို့အားစီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ မိဘပြည်သူများ ၏ သား၊ သမီးများ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် နီးစပ်ရာကျောင်းများတွင် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးထားပြီးဖြစ်သည့်အတွက် သား၊ သမီးများပညာရေး ဆုံးခန်းတိုင်အောင် တက်ရောက်ပြီးစီးရေးအတွက် တိုက်တွန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ ဝါတွင်းကာလတွင် နေရပ်စွန့်ခွာပြည်သူများ ကောင်းမှုကုသိုလ်ပြုလုပ်နိုင်ရေးအတွက် ယာယီနေရပ်စွန့်ခွာစုရပ်(၅၄) ခုရှိဘုန်းတော်ကြီးကျောင်း (၁)ကျောင်းလျှင် ဝါဆိုသင်္ကန်း(၁)စုံနှင့် နဝကမ္မအလှူငွေ(၂) သိန်း ဆက်ကပ်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ် တစ်ရာခြောက်ဆယ်နှစ်သိန်းအား ထောက်ပံ့ ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ပြည်သူများအတွက် တတိယအကြိမ်ထောက်ပံ့ငွေများအား (၃) လစာအတွက် (၁) ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်း၊ စစ်တွေမြို့ရှိ စုရပ်(၅၄)ခုမှ နေရပ်စွန့်ခွာပြည်သူများအတွက် (၁) ဦးလျှင် အသင့်စား ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးသွားမည်ဖြစ်ရာ စုရပ်အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များကလည်း ထောက်ပံ့ငွေများနှင့်ခေါက်ဆွဲခြောက်ထုပ်များနေရပ်စွန့်ခွာ ပြည်သူများ လက်ဝယ်သို့ ရောက်ရှိအောင် အမြန်ဆုံးထောက်ပံ့ပေးကြစေလိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က နေရပ်စွန့်ခွာဝန်ထမ်းများနှင့်နေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ငွေများနှင့် ခြောက်ဆွဲထုပ်များကို ပေးအပ်ကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)