စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များအား တွေ့ဆုံခြင်းနှင့်လုပ်ငန်းဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဩဂုတ်လ ၆ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းစက်မှု ဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စစ်ကိုင်းစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စစ်ကိုင်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးကိုကိုမြင့်က စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရန်လိုအပ်မှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။    

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျှင် ၅၀ ကီလိုဂရမ်အိတ် ၁၀၀၀ ထုတ်လုပ်နေသည့် “သုတသုခ” ကွန်ပေါင်း မြေဩဇာထုတ်လုပ်ရေး စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကွန်ပေါင်း၊ ယူရီးယား၊ ဂျစ်ပ်ဆန်၊ နိုက်ထရိုဂျင် “ဇာမဏီ”နှင့် “ဗလ”တံဆိပ်တို့ဖြင့် ဓါတ်မြေဩဇာအမျိုးမျိုး ထုတ်လုပ်နေမှုလုပ်ငန်း အခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဓါတ်မြေဩဇာအမျိုးမျိုးထုတ်လုပ်နေမှုများအပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိမှု၊ ဓါတ်မြေဩဇာအဆင့်ဆင့်ထုတ်လုပ်နေမှုများနှင့် ထုတ်ပိုးနေမှုများနှင့် ဓါတ်ခွဲခန်းအတွင်း ဓါတ်ခွဲစမ်းသပ်မှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ “ချယ်ရီပွင့်” ပရိဘောဂပစ္စည်းထုတ်လုပ်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စားပွဲ၊ ထိုင်ခုံ၊ ကုတင်၊ ဗီရိုအမျိုးမျိုးထုတ်လုပ်နေမှုလုပ်ငန်းများအား လိုက်လံ ရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)