မုံရွာ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၆ ရက်၊ နံနက်ပိုင်းတွင် “ဇေယျာလမ်း” မုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်တို့က “ဇေယျာလမ်း” နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာ/ပန်းပွား အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တာဝန်ရှိသူများအတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “ဇေယျာလမ်း” နိုင်လွန်ကတ္တရာ လမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် “သုဓမ္မာလမ်း” နိုင်လွန်ကတ္တလမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်တို့က “သုဓမ္မာလမ်း” နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက “သုဓမ္မာလမ်း” နိုင်လွန်ကတ္တရာ လမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်း ၈ လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့များအား မြို့အင်္ဂါရပ်နှင့်အညီတစ်ပြေးညီဖွံ့ ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လမ်းများကောင်းမွန် လာသည်နှင့်အမျှ ပြည်သူများ သွားလာရေးလွယ်ကူပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခန်းကဏ္ဍများသည်လည်း တစ်ဆက်တည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ မြို့နေပြည်သူများအနေဖြင့်လည်း မိမိတို့မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမှုဆောင်အရာရှိ ဦးဝဏ္ဏအောင်က စစ်ကိုင်းမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး စစ်ကိုင်းမြို့နေပြည်သူများကိုယ်စား ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)