စစ်တွေ ဩဂုတ် ၆
မိုခါမုန်တိုင်းလေဘေးသင့်ဒေသများသို့ ဖြန့်ဖြူးရောင်းချပေးထားသည့် သစ်ခွဲသားများ အတွက် တန်ဖိုးကျသင့်ငွေများ ပေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ် မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုချက်များဖြင့် တပ်ရင်း၊ တပ်ဖွဲ့ ဌာနဆိုင်ရာ များအတွက် မြန်မာ့သစ်လုပ်ငန်းက တစ်ဆင့်ခွဲဝေဖြန့်ဖြူးပေးခဲ့သည့် အခြားသစ်သားများ၊ ကျွန်းတိုင်၊ သစ်မာတိုင်များနှင့် တန်ဖိုးကျသင့်ငွေများ၊ ပေးချေရန်ကျန်ရှိသည့် သစ်ခွဲသားများ အတွက် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် ကျသင့်ငွေများကို မြန်မာ့ သစ်လုပ်ငန်းသို့ ပေးချေဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့၊ ဌာနလိုက်ပေးချေ ဆောင်ရွက်မည့် အစီအစဉ်ကို တင်ပြပေးရန်ပြောကြားသည်။
ထို့နောက် မြန်မာ့သစ်လုပ်ငန်း၊ သစ်ခွဲသားများ ဖြည့်ဆည်းပေးရေးလုပ်ငန်းအဖွဲ့၊ လက်ထောက် အထွေထွေမန်နေဂျာ ဦးနေဝင်းလှိုင်က သစ်ဖိုးငွေပေးချေရန်ကျန်ရှိမှုနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကျသင့်ငွေပေးချေရန်ကျန်ရှိမှုနှင့် ပတ်သက်၍ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနဆိုင်ရာများမှ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေ မြို့နယ်၊ မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံးသို့သွားရောက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရုံး၌ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆရာဝန်၊ သူနာပြုများက မှန်စီကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မှန်စီ ကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများ၏ လိုအပ်သော ကိစ္စများကို စနစ်တကျ ကူညီဆောင်ရွက်ပေးနိုင်ရန်၊ ကျေးရွာများ၊ IDP စခန်းများရှိ လူဦးရေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို မိမိတို့ဌာနနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အခြေ အနေများကို သိရှိနိုင်ရန် ဌာနဆိုင်ရာပေါင်းစုံဖြင့် ဖွဲ့စည်း တာဝန်ပေးဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်စိုးရအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရုံးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကင်းစခန်းများတွင် တာဝန်ထမ်းဆောင် နေကြသည့် တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး တပ်ဖွဲ့ဝင် များအတွက် စားသောက်ဖွယ်ရာ များကို ချီးမြှင့် ပေးအပ်ခဲ့သည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး