သံတောင်ကြီး ဩဂုတ် ၆
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၌ ဇူလိုင်၂၆ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယနေ့နံနက် (၃)နာရီခန့်က မြေပြိုမှုဖြစ်ပွားပြီး ရှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် သံတောင်ကြီးမြို့ အမှတ်(၁)ရပ်ကွက်နေ ဦးစောနေသာဖွီး၏ နေအိမ်အဆောက်အဦပေါ်သို့ မြေစာများပိ၍ နေအိမ်ပျက်စီးခဲ့ပြီး နေအိမ်ထဲတွင်ရှိသော ဦးစောနေသာဖွီး အသက်(၃၇နှစ်)နှင့် ဇနီးဖြစ်သူ နော်ဆာပရီးဖော အသက်(၃၃နှစ်)၊ သမီးဖြစ်သူ နော်ဆာဃီးလာဖောအသက်(၉နှစ်)၊ သားဖြစ်သူ စောနေကပေါ်ထူး အသက်(၄နှစ်)တို့မှာ မြေစာပိမိသေဆုံးခဲ့ကြောင်းနှင့် ဩဂုတ် ၄ရက်တွင် လိပ်ပြာလေးကျေးရွာတွင် တောင်ကျချောင်းရေနှင့်အတူပါလာသည့် သဲနုန်းမြေများ နေအိမ်ပေါ် ပိမိ၍ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သံတောင်ကြီးမြို့ ပေါ်ရပ်ကွက်များတွင် လူနေအိမ်(၄)လုံးပေါ်သို့ မြေပြိုကျပျက်စီးခဲ့ကြောင်းနှင့် ကားလမ်းဘေးများတွင်မြေပြိုကျမှုများ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါမြေပြိုမှုဖြစ်ပေါ်သည့် နေရာများသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများက ရှင်းလင်းဖယ်ရှားရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နော်နော်မူ