ဒေးဒရဲ သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက် လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ တိုးပွားစေရေးနှင့် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွက်လာစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိဥာဏ်ပညာနှင့် စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့်မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရေး လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်အောင်ချမ်းမြေ့က လူငယ်နှင့်ကိုယ်ကျင့်တရား၊ မောင်သူရိန်လင်းက လူငယ်နှင့်မူးယစ်ဆေး၊ မနန်းအိရွှေစင်က လူငယ်နှင့်အားကစား၊ မယမုံစင်က လူငယ်နှင့်ယဥ်ကျေးမှုစသည့် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်းကို ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များအားဖြန့်ဝေပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်ဝင်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း