ကြံခင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာ့သနပ်ခါးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှေ့ ကွင်းပြင်တွင် ယနေ့နံနက်ပိုင်းက မြန်မာ့သနပ်ခါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အ.ထ.က(၂) ကျောင်းမှ တာဝန်ခံ ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ “ခင်” သဘာဝသနပ်ခါးထုတ်လုပ်သူနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနားကို အ.ထ.က(၂) ကျောင်းတာဝန်ခံဆရာကြီး ဦးအေးမင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုရေးကို ၂၀၂၀ ပြည့်နှစ်က ဆောင်ရွက်ခဲ့ရာ လိုအပ်ချက်များနှင့် အများပြည်သူ ပါဝင်သည့် အထောက်အထားများ ထပ်မံဖြည့်ဆည်း၍ ယခုနှစ်တွင် တစ်နိုင်ငံလုံး ဝိုင်းဝန်းကာ ယူနက်စကို အသိအမှတ်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သနပ်ခါးသည် စိတ်ကြည်လင်လန်းဆန်းဖွယ်ရာ သင်းပျံ့သောရနံ့နှင့်ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါးလိမ်းကျံသူအား လှပစေခြင်းစသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသောကြောင့် သနပ်ခါးကို အမြဲလိမ်းကျံခြင်းဖြင့် အမျိုးသမီးများ အသားအရေစိုပြေဝင်းဖန့် မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် “ခင်” သဘာဝသနပ်ခါးထုတ်လုပ်သူ ဦးတင်မောင်ဝင်း က သနပ်ခါးသည် တိုင်းရင်းဆေးတစ်မျိုးတွင်ပါဝင်ကြောင်းနှင့် သနပ်ခါးဆေးဖက်ဝင်ပုံ၊ အကျိုးအာနိသင် များ ကိုရှင်းလင်း ပြောကြားပြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သနပ်ခါး ကန်ပိန်းပြုလုပ်၍ အပြန်အလှန် သနပ်ခါးလိမ်းခြယ်ကြပြီးနောက် အ.ထ.က(၂) ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဦးတင်မောင်ဝင်းက သဘာဝသနပ်ခါးများ မေတ္တာ လက်ဆောင်ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင့်ရေး နံရံကပ် စာစောင်နှင့်စာအုပ်ပြပွဲ ပြုလုပ်ပေးရာ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း