အင်္ဂပူ ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ပထမပတ်)၊ မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ စံပြမိခင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးပပစိုးရီက မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ကလေးများ မိခင်နို့စနစ်တကျတိုက်ကျွေးနေမှုများအား ကြည့်ရှုစစ်ဆေးအကဲဖြတ် အမှတ်ပေးခဲ့သည်။ ဆက်လက်၍ ဆုပေးအခမ်းအနားကိုကျင်းပရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ဆုရရှိကြသော မိခင်များအား စံပြမိခင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြောင်းနှင့် အာဟာရများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
မန်းကျော်