ကျိုက်လတ်၌ ကိုယ်ဝန်ဆောင်မိခင်၊(၅)နှစ်အောက် ကလေးနှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကျိုက်လတ် ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီး မိခင်နှင့်မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင် က ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်၊ မီးတွင်းကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များ၊ မွေးကင်းစမှ အသက်၂ နှစ်အထိ ကလေးများအား ကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်းနှင့် ဗီတာမင်အေနှင့်သန်ချဆေး တိုက်ကျွေးမှုအကြောင်းများ အပါအဝင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှား ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့်ကလေးများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ပြီး တာဝန်ရှိသူများက မွေးပြီးမိခင်များ၊ အသက် (၆) လမှ (၁၁) လအထိ ကလေးများ၊ အသက် (၁) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေဆေး သတ်မှတ်နှုန်းထားများကို တိုက်ကျွေးခဲ့ကြပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးပြီးမိခင်များ စုစုပေါင်း (၃၆) ဦးတို့အတွက် အိုင်အိုဒင်းဆားနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကာ တက်ရောက်လာသူများနှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများကိုလည်း အာဟာရအဖြစ် နို့ဆန်ပြုတ်များ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်