သာယာဝတီ ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေဝတီကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ဩဂုတ် ၄ ရက်နေ့ နံနက် ၁၀ နာရီက ရွှေဝတီကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ရွှေဝတီကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဆရာဦးသိန်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် ယနေ့လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့အတိုင်း ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတွေနှင့် ပြည်စုံနေဖို့လိုအပ်ပါကြောင်း၊ လူငယ်များ အသိပညာဗဟုသုတများစွာ ရရှိလာမည်ဖြစ်သလို ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း အစဉ်လေ့လာသင်ယူပြီး အများအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးထမ်းရွက်နိုင်သည့် လူငယ်လူရွယ်များဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြပါရန် ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအားစတင်ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးနှင့် တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ရွှေဝတီကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်တင်တင်အုန်းတို့က ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ အစရှိသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်းသို့ တတ်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)