မိုးညိုမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မိုးညို ဩဂုတ် ၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကို၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ဩဂုတ်လ(၁)ရက်နေ့တွင် ဖန်ခါးပင်ကျေးရွာ၊ ဩဂုတ်လ(၂)ရက်နေ့တွင် ဆင်မနိုင်ကျေးရွာ၊ ထိန်ကုန်းကျေးရွာ၊ တိုက်ကြီးကုန်းကျေးရွာနှင့် မယင်းငယ်ကျေးရွာ၊ ဩဂုတ်လ(၃)ရက်နေ့တွင် မြို့မရပ်ကွက်နှင့် အောက်ရွာလေးကျေးရွာ၊ ဩဂုတ်လ(၄)ရက်နေ့တွင် ရေချမ်းအိုးကျေးရွာများသို့ အဖွဲ့များခွဲ၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်‌ကတ်မရှိသူ သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)