မော်လမြိုင်ကျွန်း ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် လပွတ္တာခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းက မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးမှူး ဦးခင်စိုးက အာဟာရနှင့်ပက်သတ်၍ အသိပညာပေးရှင်းလင်းခဲ့ပြီး အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဆုမွန်အေးက အိုင်အိုဒင်းချို့တဲ့ ရောဂါပပျောက်ရေးအကြောင်းများ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းတို့က မိခင်နှင့်ကလေးများအတွက် အာဟာရအစားစာများနှင့်ဆေးဝါးပစ္စည်းများအား ပေးအပ်းခဲ့ပြီးနောက် အိုင်အိုဒင်းဆားပါဝင်မှု လက်တွေ့စမ်းသပ်စစ်ဆေးခြင်း၊ တန်ဖိုးနည်းအာဟာရ ချက်ပြုတ်နည်းသရုပ်ပြခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်