ကံမ ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယမန်နေ့နေ့လယ်(၂)နာရီက ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်က ဆေးလိပ်ဆေးရွက်ကြီးနှင့် E-စီးကရက် အန္တရာယ်အကြောင်းကို လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းကြူက ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများအကြောင်းနှင့် သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာသဉ္ဇာထွန်းက သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့အပြင် ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား မျက်စိအမြင်အာရုံစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများအား ပြုလုပ်ပေးပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)