ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများသည် နှစ်တို၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများအပြင် မိသားစု အပိုဝင်ငွေရရှိစေရန်အတွက် ငှက်ပျောပင် စိုက်ပျိုးခြင်းကိုလည်း လုပ်ကိုင်ကြသည်။
ထိုသို့စိုက်ပျိုးရာတွင် ဒေသအခေါ် မယ်တော်လက်သည်း(ပျောငယ်သီး)၊ ရွှေငှက်ပျော၊ ရခိုင်သီး၊ ဆင်အံသီးနှင့် ဖီးကြမ်းသီးပင်များအား မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် နေအိမ်ခြံဝင်းများအတွင်း၌ လည်းကောင်း၊ ဉယျာဉ်ခြံမြေများတွင်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ မယ်တော်လက်သည်း တစ်ဖီးလျှင်(၁၅၀၀)ကျပ်၊ ရွှေငှက်ပျော တစ်ဖီးလျှင် (၂၅၀၀)ကျပ်၊ ရခိုင်သီး တစ်ဖီးလျှင်(၁၃၀၀)ကျပ်၊ ဆင်အံသီး တစ်ဖီးလျှင်(၄၀၀၀)ကျပ်နှင့် ဖီးကြမ်းသီးတစ်ဖီးလျှင်(၃၀၀၀)ကျပ်အထိ ရရှိကြောင်း၊ ငှက်ပျောသီးများအား အိမ်၌အများဆုံး လာရောက်ဝယ်ယူကြပြီး တစ်ခါတစ်ရံဈေးဆိုင်များတွင် ဖောက်သည်ပေး၍ ရောင်းချကြောင်း၊ ငှက်ပျောရောင်းချသည့်ဝင်ငွေဖြင့် မိသားစုစားဝတ်နေရေး အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူပြု၍ အဆင်ပြေလျက်ရှိကြောင်း ငှက်ပျောစိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)