ငဖဲ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ၂၀၂၅ ခုနှစ် မေလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်း(တွဲဘက်)က သုတရသစာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ Grade-10 ကျောင်းသူ မယဉ်ငြိမ်းအေးက ၂၀၂၅ ခုနှစ် မေလထုတ်သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ပါ ဒေါက်တာခင်မောင်ညိုရေးသားသည့် ပလတ်စတစ်စွန့်ပစ်ခြင်း၏ ကြောက်မက်ဖွယ်အန္တရာယ်များ ဆောင်းပါးပါ လူသားများနှင့် သဘာဝတရားကြောင့် လေထုညစ်ညမ်းမှုများများစွာဖြစ်ပေါ်နေကြောင်း၊ ပလတ်စတစ်ကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများဖြစ်ပွားနေ၍ စည်းကမ်းမဲ့မစွန့်ပစ်ကြရန် လိုအပ်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ Grade-10 ကျောင်းသူ မချောအိမွန်က မြသိန်းရေးသားသည့် အဆိပ်ပါသည့် ဆေးရွက်ကြီးဆောင်းပါးပါ ဆေးလိပ်ထဲတွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပျက်စီးစေသော ဓာတုပစ္စည်းပေါင်း ၄၅၀၀ ခန့်ပါဝင်ကြောင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါရသူများရှိသလို ဆေးလိပ်မသောက်ဘဲ ဆေးလိပ်သောက်သူ၏ အနီးအနားတွင်နေသောကြောင့် ရောဂါရသူများလည်းရှိ၍ ဆေးလိပ်ကိုစမ်းသပ်ကာ မသောက်သုံးသင့်ကြောင်းနှင့် ဆေးလိပ်သောက်ခြင်းဖြင့်ရရှိလာမည့် ဆိုးကျိုးတို့ကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)