ငဖဲ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသန်းက အဖွင့်အမှာစကားပြောကြား၍ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ်တွင် ကလေးသူငယ်များ စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြခြင်းမှာ ကလေး၏အနာဂတ်ကိုသာမက နိုင်ငံ၏ အနာဂတ်ကိုပါ ထိခိုက်နစ်နာစေကြောင်း၊ ကလေးအလုပ်သမားများ၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ အတွေးအခေါ် ရင့်သန်မှန်ကန်စေရန်အတွက် ကျောင်းစာသာမက သုတရသစာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးပြီး ပြသထားရှိသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)