ပေါင် ဩဂုတ် ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.ထ.က)ကျွဲခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ် (၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှ ရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ပူးတွဲမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အေး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ရဲအုပ်နိုင်ထွန်းက ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှရဲအုပ်နေဝင်းဌေးက မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများကိုလည်းကောင်း အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက် လက်၍ ပူးတွဲမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် ပေါင်မြို့နယ်ဥပဒေရုံးမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလက်ကမ်းစာစောင်များပေးဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်းသိရသည်။
မွန်မလေး(ပြန်/ဆက်)