ငွေဆောင် သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင် သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ယမုံနာဦးဟိုတယ်၊ Ball Room ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူဦး၊ အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်း၊ အမှတ်(၇)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ငွေဆောင်ဟိုတယ်ဇုန်ဥက္ကဋ္ဌနှင့်ဟိုတယ်မန်နေဂျာများ၊ သင်တန်း ဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းကို ဟိုတယ်များတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက်တတ်စေရေး၊ လျှပ်စစ်ပစ္စည်းများ စနစ်တကျတပ်ဆင်အသုံးပြုခြင်းဖြင့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးအပ်နိုင်ရေး၊ လျှပ်စစ်ပစ္စည်းမှားယွင်း ကိုင်တွယ်ခြင်းဖြင့် မလိုလားအပ်သည့် ဘေးအန္တရာယ်များ မဖြစ်စေရေးနှင့် ဟိုတယ်ဝန်ထမ်းများအတွက် လျှပ်စစ်သွယ်တန်းအတတ်ပညာကို စနစ်တကျသင်ယူတတ်မြောက်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းအပါအဝင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်း (၂) ကြိမ်၊ ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင် သင်တန်း (၂) ကြိမ်၊ ဟိုတယ်လုပ်ငန်းဆိုင်ရာ အင်္ဂလိပ်စကား(အခြေခံ) သင်တန်း (၂) ကြိမ်အပါအဝင် စုစုပေါင်းသင်တန်း(၈)ကြိမ်အား အခမဲ့ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ယခုဖွင့်လှစ်သောသင်တန်းများသည် လုပ်ငန်းခွင်နှင့်တိုက်ရိုက်အကျိုး သက်ရောက်မှု ရှိသောကြောင့် သင်တန်းမှသင်ကြားပေးသည့် သင်ခန်းစာများကို အမှန်တတယ် တတ်မြောက် အောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ခရီးစဉ်ဒေသများ ဈေးကွက်မြှင့်တင်ကြော်ငြာရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် National Races Channel တို့ စီစဉ်ရိုက်ကူးထားပြီး Digital Marketing အဖြစ် ထုတ်လွှင့်အသုံးပြုလျက်ရှိသည့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေဒေသ ခရီးစဉ်မှတ်တမ်း Video Clip အား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအား ဆက်လက် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမှတ် (၇)၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ပုသိမ်မြို့မှ ဒုရဲမှူးကျော်နိုင်ဦးနှင့် ရဲအုပ်အောင်မျိုးသန့်တို့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး သင်တန်းဆရာများ၊ သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းကို (၄.၈.၂၀၂၅) ရက်နေ့မှ ( ၂၈.၈.၂၀၂၅) ရက်နေ့အထိ ယမုံနာဦးဟိုတယ်၌ ဟိုတယ်အသီးသီးမှ သင်တန်းသား (၃၃) ဦးအား သင်တန်း ဆရာ( ၄) ဦးဖြင့် လက်တွေ့သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)