တောင်ငူ သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့၊ မဟာဝိသုတာရာမ နတ်ရေတွင်းကျောင်းတိုက်တွင် ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမြတ်မြတ်သင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူး ဒေါ်မျိုးမြတ်မြတ်သင်း၊ ရေတာရှည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို သင်တန်းသား၊ သင်တန်းသူများသို့ ပေးအပ်သည်။
အဆိုပါ စက်ချုပ်နည်းပညာသင်တန်းတွင် အမျိုးသမီးဝတ်အင်္ကျီအမျိုးမျိုး၊ ဂါဝန်၊ သုံးလွှာစကပ်၊ လေးလွှာစကပ်နှင့် ချိတ်စကပ်ချုပ်နည်း စသည်တို့ကို သြဂုတ် ၄ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား၊ သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်များနဲ့အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၄)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများအား သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)