အုတ်တွင်း သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဥပဒေရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း (အုတ်တွင်း)ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မိုးဌေးက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာအား ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့မှပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယိုမှတ်တမ်းနှစ်ခုအား ပြသရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရွှေရည်ထက်နှင့် ဒေါ်သက်ထားဇင်တို့က လူမှုကွန်ရက်များဖြစ်သော Viber ၊ Telegram တို့ရှိ Group များသို့ အသုံးပြုနည်းများမျှဝေခြင်းနှင့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ဥပဒေရုံးမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)