ပေါင်းတည် ဩဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းခရိုင်ရုံးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် ၁၈နှစ်ပြည့်ပြီးသူများ ဥပဒေအရ ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုးပြုလုပ်ရန် မကျန်ရှိစေရေးနှင့် အမြန်စာရင်းကောက်ယူပြုစုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီဝမ်တို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ လဝကတိုက်နယ်မှူးများနှင့်တွေ့ဆုံကာ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့်ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် မိမိဌာနမှ အမြန်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ဆောင်ရွက်ရန်မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာအလိုက် ၁၈နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသူစာရင်းအား အမြန်ပြုစုဆောင်ရွက်ပေးရေး၊ လဝကတိုက်နယ်မှူးများက မိမိမြို့နယ်ရှိအမည်စာရင်းများအား ထုတ်ပေး၍ အချိန်နှင့်တစ်ပြေးညီပြီးစီးနိုင်ရန် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၏ သိလိုသည့်မေးမြန်းချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)