ဘိုကလေးမြို့နယ်တွင် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းတို့ဆောင်ရွက်

ဘိုကလေး ‌ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင် (၅၀)ဆေးရုံဟောင်းနှင့် ဆေးထိုးနှံစုရပ်များတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာရဲဝင်းထွန်းနှင့်အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး အသက် (၂) လမှ (၅၉) လထိ အရွယ်ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ အသက်(၂)လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်ကြသော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးများ၊ (၅)မျိုးစပ် ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အသက် (၆) လမှ(၅)နှစ်အထိ ကလေးများကိုလည်း ဗီတာမင်-အေတိုက်ကျွေးခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)