ဟင်္သာတ ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ပထမပတ်) မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ စံပြမိခင်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်မိခင်များ စာရင်းရေးသွင်းခြင်းနှင့် သက်ဆိုင်ရာအလိုက် တာဝန်ရှိသူများမှ စံပြမိခင်ရွေးချယ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းအကြောင်း ပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ စံပြမိခင် ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ခဲ့ရာ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် ဗီဒီယို Clip အား ပြသခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်တာဝန်ရှိသူများမှ စံပြမိခင် ပြိုင်ပွဲဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းနှင့်ပြိုင်ပွဲဝင် မိခင်နှင့်ကလေးများအား ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် ကျန်းမာရေးဌာနဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အသင်းဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် မိခင်များနှင့်ကလေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)