မြောက်ဦးဆရာတော် ဝနဝါသီဘဒ္ဒန္တဝါယာမိန္ဒအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက်ပူဇော်

စစ်တွေ ဩဂုတ် ၄

ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပတိ၊ ပြည်တွင်းပြည်ပသာသနာပြု၊ ဓမ္မကထိက၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာန နာယကချုပ်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မြောက်ဦးဆရာတော် ဝနဝါသီ ဘဒ္ဒန္တဝါယာမိန္ဒအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြောက်ဦးဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မြောက်ဦးဆရာတော်အမှူးပြုသော သံဃာတော်များနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ မြောက်ဦးဆရာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များသည် လောကာ နန္ဒာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စင်္ကြာမုနိဗုဒ္ဓရုပ်ပွားတော်၊ စေတီတော်မြတ်ကြီးရင်ပြင်တော်၌ တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓဆင်းတုတော်နှင့် အဘယရာဇမုနိ ဗုဒ္ဓဆင်းတုတော်နှစ်ဆူတို့အား သွားရောက်ဖူးမြော်ကြည်ညိုကြကာ လောကာ နန္ဒာ စေတီတော်ရင်ပြ၌ နေပူခံကျောက်ပြားများ ခင်းကျင်းထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပတိ၊ ပြည်တွင်းပြည်ပသာသနာပြု၊ ဓမ္မကထိက၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာန နာယကချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မြောက်ဦးဆရာတော် ဝနဝါသီဘဒ္ဒန္တဝါယာမိန္ဒအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကိုကျင်းပရာ မြောက်ဦးဆရာတော်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မြောက်ဦးဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ မြောက်ဦးဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရား တော်များရွက်ပွားချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြောက်ဦးဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် မြောက်ဦးဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် မြောက်ဦးဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)