ပခုက္ကူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ပခုက္ကူ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၁) ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပခုက္ကူမြို့၊ ဒေသခံနယ်မြေတပ်နယ်မှ ဗိုလ်မှူးကြီးဇော်မင်းထက်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုခိုင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာနည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ဗိုလ်မှူးကြီးဇော်မင်းထက်၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ က လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ ၂၁၀ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းနည်းပြများက နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းကာလ ၂ ရက်ကြာ စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)