ပွင့်ဖြူ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးကြိုကာလ၌ စိုက်ပျိုးထားသော မိုးကြိုပဲတီစိမ်း ၆၂၃၉ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းများ ကောင်းမွန်ခဲ့သဖြင့် ဝင်ငွေတိုးပွားကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးကြိုကာလ၌ မိုးကြိုပဲတီစိမ်း ၆၃၉၁ ဧကထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါစိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများကို ယခုနှစ် ဇူလိုင်လ ပထမပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ၆၂၃၉ ဧကထိ ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပြီး တစ်ဧကလျှင် ၁၉ ဒသမ ၄၀ တင်း ထွက်ရှိကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ မိုးကြိုပဲတီစိမ်း ၆၃၉၁ ဧကထိ စိုက်ပျိုးထားပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ပဲတီစိမ်းစိုက်ခင်းတွေကို ဇူလိုင်လ ပထမပတ်ကစပြီး ရိတ်သိမ်းခဲ့ရာ ဒီနေ့မှာ ၆၂၃၉ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ပဲတီစိမ်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့၊ ဒေသနဲ့ကိုက်ညီတဲ့ အထွက်နှုန်းကောင်း မျိုးတွေကို စိုက်ပျိုးကြဖို့နဲ့ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းကြဖို့ ပညာပေးတာတွေ ဆောင်ရွက်ပေးပါတယ်။ ယခုနှစ်မှာ ပဲတီစိမ်းစိုက်ခင်းတွေ ပိုးမွှားကျရောက်မှု မရှိတာကြောင့် အထွက်နှုန်းများ ကောင်းမွန်ပြီး တောင်သူတွေ သီးနှံဝင်ငွေအကျိုးအမြတ် ရရှိကြပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပဲတီစိမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှု ကင်းရှင်းရေး ၊ မြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျ သုံးစွဲရေး၊ သီးနှံအချိန်မီ ရိတ်သိမ်းနိုင်ရေးနှင့် ရိတ်သိမ်းပြီးသီးနှံများ စနစ်တကျ သိုလှောင်သိမ်းဆည်းရေးစသည့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်သောကြောင့် ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )