ပွင့်ဖြူ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါးဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် စပါး ၁၀၄ ဒသမ ၀၂ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် စပါး ၃၃၂၃၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၁၂၁၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ အဆိုပါ စပါးစိုက်ခင်းများကို ယခုနှစ် ဇွန်လကုန်ကစပြီး ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် စပါး ၁၀၄ ဒသမ ၀၂ တင်း ထွက်ရှိကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်မှာ နွေသီးနှံစိုက်ပျိုးရာသီက စပါး ၁၂၁၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ နွေစပါးစိုက်ခင်းများကို ယခုနှစ် ဇွန်လကုန်ကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ဒီနေ့မှာ ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး ပြီဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးတောင်သူတွေကို သီးနှံအထွက်နှုန်း လျော့နည်းမှု မရှိစေရေးအတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ ၊ ရိတ်သိမ်းပြီး စပါးများကို အရည်အသွေးကောင်းမွန်အောင် အမိုးအကာအောက် အချိန်မီ ရောက်ရှိ စေဖို့နဲ့ မျိုးကောင်းမျိုးသန့် ထားသိုထိန်းသိမ်းနည်းပညာများကို အသိပညာပေး ဆောင်ရွက်ပေးပါတယ်။ ဒေသခံတောင်သူတွေ စပါးရိတ်သိမ်းခြင်းကို အချိန်မီ ရိတ်သိမ်းခြွေလှေ့နိုင်ရေးအတွက်ကိုလဲ စက်မှုလယ်ယာဦးစီးဌာနက ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ နွေစပါးစိုက်ပျိုးရာတွင် မဲဇလီရေလွှဲဆည်ရေ၊ လျှပ်စစ်ဓာတ်အား တွဲဖက်အသုံးပြု ဆိုလာရေတင်စနစ်၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးကြပြီး ဒေသခံတောင်သူများကို ရာသီအလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေများကို လုံလောက်စွာ ရယူသုံးစွဲနိုင်ရန် သက်ဆိုင်ရာဌာနများက ရေလက်တံမြောင်းများမှတစ်ဆင့် လယ်ယာစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးခဲ့သဖြင့် စပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့ ကြောင်း သိရသည်။
တောင်သူများအနေဖြင့် စပါးကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေသည့်အပြင် ပိုလျှံမှုကိုပါ ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )