မင်းဘူး ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်၊ စပါး ဖူလုံပေါများစေရန် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်အတွင်း၌ အစိုးရဆည်တမံ၊ လျှပ်စစ်ရေတင်၊ မြေအောက်ရေ၊ ရေစုပ်စက်၊ ဆည်ငယ်ကန်ငယ်၊ မိုးရေသောက်စနစ်စသည့် ရေရရှိရေးနည်းလမ်း (၆)ခု ဖြင့် မိုးစပါး စိုက်ဧကပေါင်း ၄၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဒေသခံတောင်သူများသည် သက်တမ်းတိုကာ စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်သည့် အောင်နိုင်တိုး၊ ဆာဖိုးသာ စပါးမျိုးများ အပြင် စျေးကွက်အရ အရည်အသွေးကောင်း ဧရာမင်း၊ မနောသုခနှင့် ဆင်းသုခ၊ ရတနာတိုး ရက်-၉၀ စသည့် စပါးမျိုးကွဲမျိုးစုံကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး သက်လတ်အထွက်ကောင်းစံပြကွက် ပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကွက်များ၊ စပါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်နှင့် သရုပ်ပြစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လုပ်ငန်းပံ့ပိုးမှုအစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါး စံပြစမ်းသပ်စိုက် အကျိုးဆောင်တောင်သူများအား စိုက်ကွင်းအထောက်အကူပြုလုပ်ငန်းအဖြစ် မျိုးသန့်စပါးမျိုးနှင့် လိုအပ်သည့် သွင်းအားစုပစ္စည်းများကို ပံ့ပိုးဖြန့်ဖြူးပေးထားသည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းကြီးကြပ် မှုဖြင့် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် စံပြအကျိုးဆောင် တောင်သူများအတွက် ယူရီးယားဓါတ်မြေ ဩဇာများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ စပါးစိုက်တောင်သူများ တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရရှိရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လျာထားဧက ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်စေရေးအတွက် စိုက်ပျိုးနည်းပညာပေးခြင်းနှင့် တောင်သူပညာပေး လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးလင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၉၈၈ ဧကအထိ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဧကပေါင်း၂၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကာ စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရရှိရေးနှင့် လျာထားဧက ပြည့်မီ ကျော်လွန်စွာ စိုက်ပျိုးနိုင်စေရေး ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)