ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းအဆင့်စာသင်ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ကန့်ဘလူ ဩဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းအဆင့်စာသင်ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကန့်ဘလူမြို့နယ် ဆက်သွယ်ရေးတာဝန်ခံ ဦးမျိုးသိန်းနိုင်၊ လက်ထောက်ပညာရေးမှူး ဦးကျော်မင်းထွဠ်နှင့် ကန့်ဘလူမြို့မရဲစခန်းမှ ဒုတိယရဲအုပ် ထင်လင်းအောင်တို့က Facebook၊ Viber၊ Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့်နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် သတိပြုရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်များ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေး ဟောပြောကြသည်။

ထို့နောက် လန်ချမ်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှ ဗီဒီယို ၂ ခုအား ကျောင်းသား၊ ကျောင်းသူများကို ပြသခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ ပညာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဆုကိုယ်ပိုင်အထက်တန်းအဆင့် စာသင်ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၃၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)