ဘိုကလေး ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့တွင်း၌ ရေဆိုးရေညစ်များ ကိန်းဝပ်နေပြီး ခြင်ပေါက်ဖွားမှု မရှိစေရေး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ(၃)နာရီအချိန်၌ ဘိုကလေးမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတစ်လျှောက်တွင် ရေမြောင်းတူးဖော်ခြင်း၊ မြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်ညွန့်က ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှလည်း ပူးပေါင်းကူညီ၍ ရေမြောင်းအတွင်းမှ အမှိုက်သရိုက်များဆယ်ယူခြင်း၊ ပိတ်ဆို့နေသည်များအား တူးဖော်ရှင်းလင်းခြင်း၊ လုပ်ငန်းဆောင်ရွက်သည့် ရေမြောင်းများ ပတ်ဝန်းကျင်မှ လူနေအိမ်များ၊ ဈေးဆိုင်ပိုင်ရှင်များအား ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည်များ၊ လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)