ကျွန်းလှ ဩဂုတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး ငှက်ပျောမျိုးစုံစိုက်ပျိုးကြရာ ဖီးကြမ်းငှက်ပျော ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ဒီနှစ်ကျွန်တော် ချောင်းရေတင်ပြီး ဖီးကြမ်းငှက်ပျော အပင် ၃၀၀ ကျော် စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးပြီး ၁၀ လကျော်မှာ ရောင်းတန်းဝင်ငှက်ပျော်သီးများ ထွက်ရှိပါတယ်။ ဖီးကြမ်း ငှက်ပျော်သီးက လူကြိုက်များတဲ့အတွက် ဈေးကောင်းရပြီး ရောင်းအားကောင်းပါတယ်။ အခုအခါ ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် ၃၅၀၀ ကျော်ရောင်းရပါတယ်။ ဖီးကြမ်းငှက်ပျော် စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိကြပြီး တောင်သူတွေ တိုးချဲ့စိုက်ပျိုးလာကြပါတယ်”ဟု ဖီးကြမ်းငှက်ပျော်စိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ငှက်ပျောကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ ထွက်ရှိလာသည့် ငှက်ပျော်သီးများအား မြို့ပေါ်ဈေးများ၌ ပြန်လည်ရောင်းချသူများ၊ နီးစပ်ရာ ကျေးရွာများနှင့်မြို့များက ခြံအထိလာရောက်ဝယ်ယူကြကြောင်း သိရသည်။
မျိုးဝင်းညို