ကျောင်းကုန်း ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ ဒါးကမြစ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သဘာဝဘေးကြုံတွေ့ရသည့်သူအား ရှာဖွေကယ်ဆယ်ကာ ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးပြီး အရေးပေါ်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်းတို့ကို သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်