ဒေးဒရဲ သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ မျက်စိဝေဒနာ ပတ်သက်သောရောဂါများ စမ်းသပ်ခြင်း၊ ခွဲစိပ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေးဒရဲမြို့ စက္ခုဒါနဆေးခန်း ဖွင့်လှစ်မှု (၁၀) နှစ်ပြည့် အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန် ပရိဝုဏ်ရှိ စက္ခုဒါနဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စက္ခုဒါနဆေးခန်း ဦးဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာစာရက သြဝါဒကထာ မိန့်ကြားခဲ့ပြီး စက္ခုဒါနဆေးခန်းကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက တည်ဆောက်လည်ပတ်နေမှု၊ မျက်စိဝေဒနာရှင်များ ကုသဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က စက္ခုဒါနဆေးခန်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးသွားမည့်လုပ်ငန်းစဥ်များအား ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မျက်စိစမ်းသပ်စက်နှင့် လစဥ်အလှူရှင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်စက္ခုဒါနဆေးခန်း (၁၀) နှစ်ပြည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ကျင်းပရာ တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွှတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မှော်အိုင်ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒသီရိထံမှ သီလခံယူဆောက်တည်ကြခြင်း၊ ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စက္ခုဒါနဆေးခန်းအား (၂၀၁၅) ခုနှစ်မှစတင်၍ ဖွင့်လှစ်၍ စမ်းသပ်ကုသမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဒေးဒရဲမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်၊ ကျေးရွာများမှ ရဟန်း၊ သံဃာ၊ သီလရှင်နှင့် နွမ်းပါးဝေဒနာရှင်များအား (အခမဲ့)၊ အခြားမျက်စိလူနာရှင်များအား စရိတ်မျှပေးစနစ်ဖြင့် မျက်စိဝေဒနာရှင် (၁၂၃၀၆)ဦးအား စမ်းသပ်ကုသပေးခဲ့ပြီး (၂၈၈၃) ဦးအား ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း