မုံရွာ ဩဂုတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ရုံးဝန်းအတွင်းရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်အား ဖော်ဆောင်ပေးနိုင်ရေးအတွက် အဖက်ဖက်မှ အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ခရိုင်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက် ၁၈ နှစ် ပြည့်လူဦးရေစာရင်းများအား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ ပြန်လည်စိစစ်၍ လျာထားမဲရုံများအလိုက် မဲစာရင်းများပြုစုနိုင်ရေး၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များ၌ မိမိတို့အနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် မဲပေးစက်နှင့်စပ်လျဉ်း၍ သေချာစွာလိုက်နာမှတ်သားပြီး သိရှိတတ်ကျွမ်းကာ ရွေးကောက်ပွဲကာလတွင် အဆိုပါမဲပေးစက်များအား လက်တွေ့အသုံးပြုရာ၌ အခက်အခဲမရှိ အမှားမယွင်းကင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမြင့်စိုးဦးက ဘုတလင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)