နေပြည်တော် ဩဂုတ် ၄
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၆၅၉)၊ တောင်သူဦးမြဟန်၏ စူပါနှံကောက်စပါး ရိတ်သိမ်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး သီးနှံများ ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်ထွက်ရှိနိုင်ရေး၊ ရိတ်သိမ်းခြွေလှေ့စက်အသုံးပြု၍ စပါးရိတ်သိမ်းရာတွင် စပါးလေလွင့်ဆုံးရှုံးမှု နည်းပါးအောင် ရိတ်သိမ်းရန်နှင့် သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တောင်သူ ဦးဇော်ဝင်း၏ လယ်တွင် မိုးစပါး ဧရာမင်းစပါးမျိုး စိုက်ပျိုးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက်ပျိုးမြေများကို ပလပ်မြေမထားပဲ နွေ၊ မိုး၊ ဆောင်းရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ စပါးစိုက် တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ မှန်ကန်အောင်ဆောင်ရွက်နိုင်ရေး၊ သဘာဝမြေဆွေးများပြုလုပ်ပြီး လယ်ယာမြေများအတွင်း ထည့်သွင်းအသုံးပြုစိုက်ပျိုးနိုင်ရေး၊ မိုးစပါး စိုက်ကွင်းများတွင် ပေါင်းမြက်များ အချိန်မီရှင်းလင်းနိုင်ရေး၊ မိုးစပါးစိုက်ခင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်ထားရှိရေး၊ တစ်နှစ် သုံးသီးစိုက်ပျိုးပြီး သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ သီးထပ်စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် အထွက်တိုး မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသမျှ သီးနှံများအား သတ်မှတ်ထားသည့် ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြား ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)