ဖြူး သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ပေါ်ရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ သံဃာတော်၊ သီလရှင်များအား အရုဏ်ဆွမ်းအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ မြို့နယ်သံဃာ့ဒါနဆွမ်းလောင်းအသင်းဖွဲ့စည်း၍ မြို့လုံးကျွတ်နေ့စဉ်လောင်းလှူလျက်ရှိရာ ဖြူးမြို့မရဲစခန်းမှ (၃၃) ကြိမ်မြောက် ပါဝင်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၄) နာရီအချိန်မှ စတင်၍ မြို့မရဲစခန်းဝန်းအတွင်း လောင်းလှူခဲ့ကြောင်း သိရသည်။
ထိုသို့ လောင်းလှူရာတွင် ဖြူးမြို့မရဲစခန်းမှူး၊ ဒုတိယရဲမှူး အောင်လင်းနှင့် ဇနီးဒေါ်မိုးမိုးကြွယ်၊ တပ်ဖွဲ့ဝင်မိသားစုများမှ စုပေါင်း၍ ဖြူးမြို့ပေါ်ရှိ ကျောင်းတိုက်(၂၉)ကျောင်း၊ သီလရှင်ကျောင်း(၂) ကျောင်းမှ သံဃာတော် (၆၈၆)ပါး၊ သီလရှင် (၂၀)ပါး၊ စုစုပေါင်း (၇၀၆) ပါးတို့အား သံဃာ့ဒါနအရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ် သံဃာ့ဒါနဆွမ်းလောင်းလှူခြင်းကို နှစ်ပေါင်း(၁၀၀)နီးပါး နေ့စဥ်မပြတ် အရုဏ်ဆွမ်းကို ဌာနဆိုင်ရာများ၊အလှူရှင်များက အလှည့်ကျ ကုသိုလ်ပြုလောင်းလှူနေကြခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)