မော်လမြိုင် ဩဂုတ် ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဈေးကြိုရပ်ကွက်ဓမ္မာရုံ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူး အောင်မြင့်ဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မိုးလွင်နှင့် စစ်ကြောင်းကြီးငါးကြောင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများ၊ ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများအလိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က Facebook ၊ Viber ၊ Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့် နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများတွင် သတိပြုရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်များ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့် အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ထိုနောက် လန်ချမ်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ဗီဒီယို ၂ ခုအား ဒေသခံပြည်သူများကို ပြသခဲ့ပြီး စစ်ကြောင်းကြီးငါးကြောင်းက မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)