ငါန်းဇွန် ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သော ဂုတ်ထူးရကျောင်းသား/သူများအား ခင်မောင်ညို(ဘောဂဗေဒ)မှဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က(ငါန်းဇွန်)ကျောင်းသား/သူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့်အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ဆရာတော်ဘဒ္ဒန္တရေဝတ(ခင်မောင်ညို-ဘောဂဗေဒ)က ဂုဏ်ပြုဆုများ ချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ဩဝါဒစကားမြွက်ကြားသည်။
ထို့နောက် ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုအောင်မြင်ခဲ့သော ၄ ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်(၁၇)ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင်(၆၅)ဦး စုစုပေါင်း ဂုဏ်ထူးရှင်ကျောင်းသား/သူ (၉၀)ဦးအား ဆရာတော်ဘဒ္ဒန္တရေဝတ၊ မြိုနယ်အုပ်ချုပ်ရေးမှူးဦးမျိုးမင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဝင်းဗိုလ်၊ မြို့နယ်ပညာရေးမှူးဒေါ်အေးဆုမွန်ထွန်း၊ မြို့နယ်လဝကဦးစီးမှူးဦးဆန်းထူး၊ ငါန်းဇွန် အ.ထ.က ကျောင်း အုပ်ဆရာကြီး ဦးအောင်မျိုးဦးနှင့်ကျောင်းအကျိုးတော်ဆောင် ဦးတင်လှိုင်တို့က ဂုဏ်ပြုဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ငါန်းဇွန်မြို့နယ်သည်၇၃.၆၅ ရာခိုင်နှုန်းဖြင့် တိုင်းအဆင့်အောင်ချက်အကောင်းဆုံးရရှိအောင် စွမ်း ဆောင်နိုင်ခဲ့သည့်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်ပညာရေးမှူးထံ ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ် ပညာရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသား/သူများက အခမ်းအနားသို့တက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ မိဘဆရာအသင်း၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများအား တေးသရုပ်ဖော်အကများဖြင့်ဖျော်ဖြေဧည့်ခံကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)