သနပ်ပင် ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန့်ညနေ ၃ နာရီ ၃၀ မိနစ်က ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယခုပြိုင်ပွဲကျင်းပရခြင်းမှာ မြန်မာ့အားကစားအဆင့် အတန်းမြင့်မားရေး၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများမှာအဆင့်မှီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဏကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း ယခုလိုဘောလုံးပြိုင်ပွဲများ ကျင်းပပေးခြင်းသည် အားကစားဖွံဖြိုးတိုးတက်လာစေရန် ပြည်သူများအားကစားကို စိတ်ဝင်စားလာ၍ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ဖြစ်ကြောင်း၊ ဘောလုံးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အားကစားစိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ကြရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဗိုလ်လုပွဲသို့တက်ရောက်လာသော ထောင်မင်းကျေးရွာအသင်းနှင့် ငါးချဉ်ပိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထောင်မင်းကျေးရွာအသင်းက ငါးချဥ်ပိုင်းအသင်းကို (၄)ဂိုး ၊ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပထမဆုရရှိသော ထောင်မင်းကျေးရွာအသင်းအား တံခွန်စိုက်ဆုဖလား၊ ငွေသားဆု သိန်း (၃၀) ကျပ်နှင့် တစ်ဦးချင်း ရွှေတံဆိပ်ပြားကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ငါးချဉ်ပိုင်းအသင်းအား ငွေသားဆုသိန်း(၂၀)သိန်းကျပ်နှင့် တစ်ဦးချင်းငွေတံဆပ်ပြားကိုလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသောကလိုင်ကျေးရွာအသင်းနှင့် ရေကျော်ကျေးရွာ အသင်းတို့အား ငွေသားဆု (၁၀)သိန်းကျပ်နှင့် တစ်ဦးချင်းကြေးတံဆိပ်ပြားတို့ကိုလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးအသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)