စဉ့်ကိုင်မြို့နယ်တွင် (၁၀) တန်းသွားမျိုးစေ့ချ ကိရိယာစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

စဉ့်ကိုင် ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ဒေသခံတောင်သူအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာစေရေး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အား ရှားပါးမှုပြဿနာဖြေရှင်းနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ပျိုးဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးတို့ကို ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် (၁၀)တန်းသွား မျိုးစေ့ချကိရိယာစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့ န့နက် (၉:၀၀)နာရီအချိန်က စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုံကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာရှိ တောင်သူဦးသောင်းစိန် ကွင်းအမှတ် (၇၆)၊ ဦးပိုင်အမှတ် (၃၄)၊ လယ်မြေ (၃) ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၁၀)တန်းသွားမျိုးစေ့ချကိရိယာစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းဖြင့် အလုပ်သမားလိုအပ်ချက် လျော့နည်းခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်ပြီး အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု သက်သာစေခြင်းကြောင့် စိုက်ပျိုးမှုကုန်ကျစရိတ် လျော့ချနိုင်ခြင်း၊  အပင်ပေါက်နှုန်းကောင်းမွန်ခြင်း၊ ပင်ကြားတန်းကြား ညီညာစွာစိုက်ပျိုးထားခြင်းကြောင့် ကြားပေါင်းလိုက်ရာတွင် လွယ်ကူစွာလုပ်ဆောင်နိုင်ခြင်း၊ အပင်လေဝင်လေထွက်ကောင်းမွန်ခြင်း၊ သီးနှံဖြစ်ထွန်းမှု ပိုမိုပြီး အထွက်နှုန်းတိုးလာခြင်းကြောင့် တောင်သူများဝင်ငွေတိုးပွားလာခြင်း အကျိုးကျေးဇူးများ၊ စက်မှုပိုင်းဆိုင်ရာအချက်အလက်များနှင့် စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့် စသည့်အကြောင်းအချက်တို့ကို စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲကျော်စိုးမှ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက (၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

(၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲကျော်စိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာ (၃)ရွာမှ ဒေသခံတောင်သူ (၃၅)ဦးခန့်တို့က စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စွာ(စဉ့်ကိုင်)