တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသားလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ  တက်ရောက်

ထားဝယ်     ဇူလိုင်    ၃၁

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမှုစီးပွားဘဝဖွံ့ဖြိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်လျက်ရှိသော ကရင်၊ မွန်၊ ထားဝယ်၊ မော်ကယ်(ဆလုံ)စသည့် ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှုများ၊ လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးနိုင်ရေး၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာ၊ ကိုးကွယ်သည့်ဘာသာ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Ethnic Center တည်ဆောက်ရေးလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသား ဘာသာစာပေ သင်ကြားရေးအထောက်အကူပြု ဆရာ/ ဆရာမများ(Teaching Assistant- TA)နှင့် တိုင်းရင်းသား စာပေသင် ဆရာ/ဆရာမများ (Language Teacher- LT) ကို ခန့်အပ်ရာတွင် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ/ဆရာမများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များဖြစ်သည့် တိုင်းရင်းသားတို့၏စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ အခွင့်အရေးများရရှိစေရေးနှင့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု၊ အသင်းအဖွဲ့များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသ၊ မိမိတို့ရပ်ရွာတည်ငြိမ်အေးချမ်းရန် ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊  ဒေသအသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ ပါဝင်သော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးကြပြီးဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်ကောင်းများကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းရင်းသားယဉ်ကျေးအကအဖွဲ့များက ရေအိုးရွက်အကဖြင့် သီဆိုဖျော်ဖြေနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ က ကြည့်ရှုအားပေးသည်။

ဆက်လက်၍တိုင်းဒေဿကြီးတိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်၊ မွန်၊ ထားဝယ်၊ မော်ကယ်(ဆလုံ)စသည့် ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊လမ်းပန်း ဆက်သွယ်ရေး စသည့်တို့ကို စကားဝိုင်းဖွဲ့၍ရင်းနှီးစွာဖြင့်အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)