ကယားပြည်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ၁၃၂ ဦး ဖြေဆိုအောင်ချက် ၅၁.၅၂ ရာခိုင်နှုန်းရှိ

လွိုင်ကော် ဇူလိုင် ၂

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာလျက်ရှိရာ ကယားပြည်နယ် လွိုင်ကော်မြို့ မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(၁)လွိုင်ကော်စာစစ်ဌာနတို့တွင် နံနက် ၆ နာရီမှစ၍ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးသည်။

ကယားပြည်နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(၁)လွိုင်ကော် စာစစ်ဌာန၌ ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ၁၃၂ ဦး၊ အောင်မြင်သူ ၆၈ ဦး အောင်ချက် ၅၁.၅၂ ရာခိုင်နှုန်းဖြစ်သည်။ ‌အောင်မြင်သူများတွင် အပြင်ဖြေ ရှစ်ဦးအနက် အောင်မြင်သူနှစ်ဦး၊ အတွင်းဖြေ ၁၄၂ ဦးအနက် အောင်မြင်သူ ၆၆ ဦးဖြစ်ကာ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် လေးဦး ထူးချွန်စွာအောင်မြင်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ကြေညာသည့် နေရာများတွင် ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ပြည်နယ်၊ မြို့နယ်၊ ခရိုင်ပညာရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ကယားပြည်နယ်အနေဖြင့် ယမန်စာသင်နှစ်တွင် ပြည်နယ်တစ်ခုလုံး၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်း စုစုပေါင်း ၃၆ ကျောင်း၊ ကျောင်းသားဦးရေ စုစုပေါင်း ၇၂၆၀ ဦးရှိခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၅၉ ကျောင်း၊ ကျောင်းသားဦးရေ စုစုပေါင်း ၁၃၁၄၈ ဦးအထိတိုးမြှင့်ပညာသင်ကြားလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်၏ ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းအဆောက်အဦများ ပြုပြင်ပေးခြင်း၊ ကျောင်းသူ/ကျောင်းသားများအတွက် လိုအပ်သည့် ကျောင်းသုံးစာရေးကိရိယာများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများအတွက် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းခြင်း၊ ယခုကဲ့သို့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ကောင်းမွန်ရေးအတွက် လမ်းညွှန်ကြီးကြပ်ခြင်း၊ လိုအပ်သည်များ ပေးအပ်လှူဒါန်းခြင်း၊ အေးချမ်းစွာ ပညာသင်ကြားလိုသော ကျောင်းသူ/ ကျောင်းသားများက စိတ်အားထက်သန်စွာ ကြိုးစားခဲ့ခြင်း၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်များကလည်း ပူးပေါင်းပါဝင်ခြင်းတို့ကြောင့် ယခုကဲ့သို့ အောင်ချက်ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း သိရှိရသည်။

ကိုတွတ် (ပြန်/ဆက်)