ပွင့်ဖြူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေလ ၂၀ ရက်နေ့ကစပြီး မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၉ ရက်နေ့အထိ တောင်သူ ၃၆၂၄ ဦးအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် ၂၆၇၄၅ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဒေါ်နွယ်နွယ်စိုးက ချေးငွေလာရောက်ထုတ်ချေးသော တောင်သူများကို ချေးငွေများ မထုတ်ချေးမီ သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှု နှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလ သတ်မှတ်ချက်များ၊ အချိန်မီပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားပြီး စပါးစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ်တစ်သိန်းခွဲ ၊ အခြားသီးနှံစိုက်ပျိုးခြင်း အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်းဖြင့် တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါမိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးပြီးစီးမှုအနေဖြင့် ကျေးရွာအုပ်စု (၂၈) အုပ်စုရှိ ဒေသခံတောင်သူ ၃၆၂၄ ဦး၏ မိုးစပါးစိုက်ဧက (၁၇၅၇၈) ဧက နှင့် နှမ်း (၃၇၈) ဧကတို့အတွက် စုစုပေါင်းစိုက်ပျိုးစရိတ်ချေးငွေကျပ် ၂၆၇၄၅ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး ပေးရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်သည့် ဒေသခံတောင်သူများကို မေလ(၂၀)ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိပြီး ထုတ်ချေးပေး ရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကိုလည်း သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် စက်တင်ဘာလကုန်အထိ ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်နွယ်နွယ်စိုးထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )