ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ ပြုပြင်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၂၇

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စုပေါင်းဝန်ထမ်းအိမ်ရာများ၊ အခြေခံပညာကျောင်းနှင့် ရုံးများ ပြုပြင် တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ခုတင် ၅၀၀ ဆံ့ ပြည်နယ် ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝင်းအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ပြည်သူ့ဆေးရုံကြီးသည် ပြည်နယ်အတွင်းရှိ ပြည်သူများအားကိုးအားထားပြုရာ အဓိကဆေးရုံကြီးတစ်ခု ဖြစ်၍ ဆေးကုသမှုခံယူကြသည့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးရေး၊ ဆေးရုံဝင်းအတွင်း စိမ်းလန်းစိုပြည်သာယာလှပရေး စိုက်ပျိုးထားသည့် ပန်းအလှပင်များအား စနစ်တကျ ပြုစုထိန်းသိမ်းရန်နှင့် လိုအပ်သည့်နေရာများတွင် ထပ်မံစိုက်ပျိုးသွားရန်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် နောင်ယား(က)ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာသို့ ရောက်ရှိပြီး ပြုပြင်ပြီးစီး သည့် တိုက်အမှတ် ၂၀၊ ၂၁ နှင့် ၂၂ တို့တွင် ဝန်ထမ်းများအား ပြန်လည်နေရာချထားပေးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နေထိုင်ကြသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ အဆိုပါဝန်ထမ်းအိမ်ရာဝင်းအတွင်း ဝန်ထမ်းများက မိမိတို့အိမ်ရာအလိုက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရန် သောက်သုံးရေနှင့် လျှပ်စစ်မီး ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးရန်နှင့် အိမ်ရာဝင်းရှိ မြေလွတ်နေရာများတွင် သီးပင်စားပင်များ စိုက်ပျိုးကြရန် ဝန်ထမ်းများနှင့် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)