မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်း ဖိတ်ခေါ် ရှုံး/ထွက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်း ဖိတ်ခေါ် ရှုံး/ထွက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်သည်။

ဦးစွာ စစ်ကြောင်းမှူးမှ တန်းအပ်သတင်းပို့ခြင်းဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ဘောလုံးအားကစား အောင်မြင်ဖွံ့ဖြိုးတိုးတက်ရန်၊ မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြစ်သည့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဓိကကျသော မျိုးဆက်သစ် ဘောလုံးအားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး၊ တိုင်းဒေသကြီးအတွင်း အဆင့်အတန်းမြင့်မားပြီး ပြိုင်ဆိုင်မှုပြင်းထန်သော ပြိုင်ပွဲများ အဆက်မပြတ်ကျင်းပပေးခြင်းဖြင့် ပြိုင်ပွဲမှတဆင့် အတွေ့အကြုံကောင်းများရရှိပြီး အဆင့်မီသော ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် အစဉ်အလာကြီးမားခဲ့သည့် ချောက်ရေနံမြေ သခင်ဖိုးလှကြီးဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ၁၉၇၀ ခုနှစ်မှ၍ ၂၀၁၉ ခုနှစ်အထိ စုစုပေါင်း(၂၄)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး နောက်ပိုင်းကျင်းပနိုင်ခြင်း မရှိတော့သည့်အတွက် ၂၀၂၄ ခုနှစ်မှစ၍ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြန်လည်အသက်သွင်းခဲ့ပြီး ပြိုင်ပွဲဝင်အသင်း(၂၄)သင်းဖြင့် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်းပြိုင်ပွဲကို ရှုံး/ ထွက်ပြိုင်ပွဲအဖြစ် ကျင်းပမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု(၁)သင်း၊ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု(၄)သင်း၊ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု(၄)သင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကိုယ်စားပြု(၁)သင်းနှင့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု(၂၁)သင်း စုစုပေါင်း(၃၂) သင်းပါဝင်ယှဉ်ပြိုင်လာတာဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် နေရာဒေသမရွေး လူမျိုးမရွေး လူအများစုပေါင်းဖွဲ့စည်း၍ လွယ်ကူစွာကစားနိုင်သည့် ကစားနည်းဖြစ်သလို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းကစားရသည့် အားကစားနည်းမျိုးမဟုတ်ဘဲ အသင်းလိုက် စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်ပါကြောင်း ပြောကြားကာ၊ ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်း ဖိတ်ခေါ် ရှုံး/ထွက်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများက သစ္စာအဓိဋ္ဌာန် (၄)ချက်အား ရွတ်ဆိုကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က  ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး၊ ပထမနေ့ပွဲစဉ်အဖြစ် UYN မကွေးမြို့မအသင်းနှင့် Glory Tropper အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ UYN မကွေးမြို့မအသင်းက သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်း စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသော မျိုးဆက်သစ်လူငယ် ဘောလုံးအားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးများမှ စုစုပေါင်းဘောလုံးအသင်း (၃၂)သင်းက ဇူလိုင်လ ၂၁ ရက်နေမှ သြဂုတ်လ  ၂၂ ရက်နေ့အထိ  ပြိုင်ပွဲဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပထမဆုရရှိသော ချန်ပီယံအသင်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၁၀၀)နှင့် ဒုတိယဆုရရှိသောအသင်းအား ငွေကျပ်(၇၅)သိန်း ချီးမြှင့်ပေးအပ်သွား မည်ဖြစ်ပြီး၊ နေ့စဉ် ပွဲစဉ်အလိုက်အကောင်းဆုံးဆု  Men of the Match(MOM)ဆုကို (၁)သိန်း၊ ဗိုလ်လုပွဲစဉ်အဖြစ်ကျင်းပသည့်ပွဲတွင် အကောင်းဆုံးကစားသမားဆု (၅)ဆုကို(၁)ဆုလျှင် (၂)သိန်းကျပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့်  ပြိုင်ပွဲကျင်းပစဉ်ကာလ ပြိုင်ပွဲဝင်အသင်းများအားလုံးကို ထောက်ပံ့မှုအဖြစ် မကွေးတိုင်းဒေသကြီးပြင်ပမှ လာရောက် ယှဉ်ပြိုင်ကြမည့် အဝေးသင်းများကို မိမိအသင်းပွဲစဉ်နေ့တိုင်း ငွေကျပ်(၁၀)သိန်းနှုန်း၊ တိုင်းဒေသကြီးအတွင်းမှ လာရောက်ယှဉ်ပြိုင်ကြမည့် အနီးသင်းများကို မိမိအသင်း ပွဲစဉ်နေ့တိုင်း ငွေကျပ်(၅)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မောင်ညီညာ