သထုံ ဇူလိုင် ၂၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်းကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများ အသင်းနှင့် တာဝန်ရှိသူများပူးပေါင်းကာ သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့်အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်းတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးပေးခဲ့ကြသည်။
အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ စောင့်ရှောက်မှုပေးရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)